Jim Beam တစ်ပုလင်းနှင့် ရောက်တတ် ရာရာ စကားဝိုင်းလေး


မိုးက စွေစွေလေး ရွာနေတုန်း၊ ဒီဆိုင်က အမြဲ သောက်နေကျ၊ ထိုင်းလို ရေးထားတဲ့ ဆိုင်နာမည် လေးက ပက်(ပ်)စီ နောက်ခံ နီယွန်မီးသီး ဘုတ်ကြီးနဲ့ မခို့တရို့၊ ရိမ်း(န်)စနာမ်းဟု အသံထွက်ရ ပါလိမ့်မယ်၊ အဓိပ္ပါယ် ကတော့ “ဘော်လုံးကွင်း အနား” လို့ ပြန်ဆို နိုင်ပါတယ်၊ ဖောက်သည်တောင် ဖြစ်လို့နေပေါ့။ တစ်ခါတစ်ရံ ကျွှန်တော်တို့ သောက်ချင်တဲ့ အရက် မရှိရင် ဆိုင်ရှင် ထိုင်းမကြီးက တစ်ခြား ဆိုင်ကနေ ဝယ်ပေးတတ်တယ်၊ ဒါပေမယ့် စောင့်ရတာ စိတ်မရှည်။

ဆိုင်ထိုင်မယ် ဆိုကတည်းက ကိုယ်သောက်ချင်တာ ဆွဲသွား တတ်တယ်၊ Jim Beam တစ်ပုလင်း ဆွဲသွားတယ်၊ ၈၈ မျိုးဆက် နှစ်ယောက်ပေါ့၊ ပြည်တွင်းက လူတွေတော့ မဟုတ်ဘူး၊ ပြည်ပ ရောက်နေတာ ထဲက ဥရောပ ရောက်နေတဲ့ သူတွေပေါ့။ သူတို့ အချင်းချင်း ပြန်မတွေ့ ရတာ နှစ် (၂၀) လောက် ရှိသွားပြီလို့ ပြောတော့ ကျွှန်တော ခပ်မဆိတ်သာ နေမိတယ်၊ အတွေး ကတော့ တစ်နံတလျား။

အယ်လကိုဟောရဲ့ စီးမျောမှုကို ခန္ဓာကိုယ်က လက်ခံ ရရှိပြီးနောက် သွေးတွေ အသားတွေက အလုပ်လုပ် ကုန်သည်၊ စကားတွေ လွှတ်ကနဲ ကရားရေလွတ် အန်ကျ လာသည်။ အကြောင်းအရာ အစုံပါသည်။ အကြောင်းအရာ တစ်ခု ချင်းစီရဲ့ အသေးစိတ် ကိုတော့ ကျွှန်တော် အကျယ် မရေးတော့ ဘူးနော်။ ခေါင်းစီး လေးတွေပဲ ရေးပါတော့မယ်။

ဦးအောင်မင်း၊ ဦးစိုးသိမ်း တို့အကြောင်း ပြောဖြစ်တယ်၊ ဦးခင်ရီ အကြောင်း ပါသလို ၈ ပူးတွေ အကြောင်း ပြောဖြစ်တယ်၊ ပီစ်ပရောဆက် အကြောင်း ဝေဖန် ဖြစ်သလို လေကန် ဖြစ်တယ်။

စုစုနွေး၊ မီးမီး၊ မားကီးတို့အကြောင်း ပြောဖြစ်သလို သူတို့ရဲ့ ထောင်တွင်း အတွေ့အကြုံ အကြောင်း ငြင်းခုံ ဖြစ်ခဲ့ပါတယ်။ ကြားညှပ် ပါလာတာက နေမျိုးဇင် နေမျိုးဝေ တို့အကြောင်းပေါ့၊ တစ်လက်စတည်း “မလက်တို” မှာ လယ်သမားတွေ ပစ်ခတ်မှု ဖြစ်တဲ့ အဆင့်ထိ ရောက်သွားခဲ့တဲ့ ဆန္ဒပြမှု ဖန်တီးရှင် လက်သည် လေးကို စကားဝိုင်းမှာ အဖြေရှာ မိသေးတယ်၊ အဲဒီ ဖြစ်စဉ်မှာ အချောင်ဝင်ပြီး နာမည် နှိုက်သွားတဲ့ ဇာတ်ကောင်ကြီး အကြောင်းလည်း ပါသေး။

အခြား ဆွေးနွေးသံ ပိုစီလာတဲ့ အကြောင်းအရာ တစ်ခု ရှိပါ သေးတယ်၊ အဲဒါကတော့ “မောင်မောင်” ဆိုတဲ့ အလုပ်သမား ခေါင်းဆောင် ညှောင်ညှောင် ဟိုညှောင်ညှောင် အကြောင်းပေါ့၊ တစ်လက် စတည်း ပြီးခဲ့တဲ့ အိုင်အယ်အို ညီလာခံ အကြောင်းလည်း ပါတယ်၊ ITUC (AP), IUF အကြောင်းလည်း ပါတယ်။ မြန်မာပြည် အိုင်အယ်အို ဖိုရမ်မှာ မောင်မောင် ထပြန်တဲ့ အကြောင်းက အစ၊ အခု အင်းစိန် ထောင်မှာ အဖမ်းခံ နေရတဲ့ တော်ဝင် သစ်အချောထည် စက်ရုံက ကောင်လေးရဲ့ အဲဒီ ဖိုရမ်မှာ ပြောသွားတဲ့ စကားသံ တွေကိုလည်း နားထောင် မိခဲ့တယ်။ အဲဒီပွဲရဲ့ အလုပ်သမား ကိုယ်စားလှယ် ရွှေးချယ် ခံရ အပြီးမှာ ဖြစ်ရှိ သွားတဲ့ မောင်မောင် မျက်နှာထား အကြောင်းလည်း ကျွှန်တော် နားထောင် ခဲ့ရ ပါတယ်။

တစ်လက်စတည်း အဲဒီ အကြောင်းအရာ တွေနဲ့ ဆက်စပ် ပါလာတာက အဲဒီ နိုင်ငံတကာ အိုင်အယ်အို ညီလာခံ ပွဲသွားတဲ့ အစိုးရ ဝန်ကြီးဌာန ကိုယ်စားလှယ်တွေ အကြောင်းပေါ့၊ အဲဒီ ညီလာခံ သွားပြီ့ ဘာတွေ တင်ပြခဲ့လဲ ဆိုတာထက် သွားတဲ့ သူတွေ ရှော့ပင်းထွက်တာ ပိုတဲ့အကြောင်း တခမ်းတနားကြီး ပြောဖြစ် ခဲ့ပါကော။

၈၈ မျိုးဆက် နှစ်ယောက်သား ရောက်တတ် ရာရာ ဆိုပေမယ့် ရှေးဟောင်း နှောင်းဖြစ် အကြောင်းအရာ တွေထဲမှာ ကျွှန်တော် ကိုယ်တိုင် မပါဝင် ခဲ့ပေမယ့် ပြဇာတ် တစ်ပုဒ်ကို မျက်စိရှေ့မှာ အခန့်သား ထိုင်ကြည့် နေရသလို စိတ်ထဲမှာ ခံစားမိတယ်၊ ဇာတ်ကွက်ကို ရုပ်လုံး ဖော်နိုင်အောင် တစိမ့်စိမ့် နားထောင်ရင်း ဆေးလိပ်ကို ခပ်ကြမ်းကြမ်း ရှိုက်လို့၊ ဖန်ခွက်ကို ကောက်ကိုင် လိုက်သည်။

“ဂွပ်”

ခါးသက်သက် အရက်ရဲ့ အရသာက ပူလောင်မှုနဲ့ အတူ စီးမျော ကျသွားတယ်။ ကျွှန်တော်တို့ သုံးယောက် ဝိုင်းက စကားသံက ဆိုင်တစ်ခုလုံးကို လွှမ်းမိုး ထားသလို ရှိနေသည်။ ဆိုင်တွင် ထိုင်နေတဲ့ လူတွေ အခြေအနေ တစ်ချက် အကဲခတ် ကြည့်မိတယ်။

ဆိုင်တွင်းမှာတော့ ကျွှန်တော်တို့ ဝိုင်းမှ အပ အခြားဝိုင်း မရှိတော့၊ ဆိုင်ရှေ့ မှာတော့ စုံတွဲ တစ်တွဲ တွေ့ရသည်။ ကျွှန်တော် အမှတ်မမှားပါ၊ အဲဒီ ကောင်မလေးကို သိတယ်၊ ဆေးရုံ တစ်ရုံရဲ့ ဆရာဝန် တစ်ယောက်ဖြစ်တယ်၊ သူ့ကို ရင်းရင်းနှီးနှီး စကားပြော ဖူးတယ်၊ သူ့ရဲ့ “ဘဲ” ကို လှမ်းရှိုးလိုက်တယ်၊ အဖြူရောင် အားကစား တီရှပ်လေး ဝတ်ထားသလို အပြာရောင် ဘောကန် ဘောင်းဘီ ဝတ်ထား သေးတယ်၊ အဆိုးဆုံးက ဗိုက်ရွှဲ နေတာပဲ။ ကျွှန်တော် အကြည့်လွှဲ လိုက်တယ်၊ ခဏကြာတော့ ကျွှန်တော်တို့ ဝိုင်းရှေ့ မျက်စောင်းထိုး ခုံမှာ နှစ်ယောက်သား ညစာ စားနေတာကို တွေ့ရတယ်။ ဒါဆိုရင်တော့ ကိစ္စ မရှိသေး၊ ကျွှန်တော်တို့ စကားဝိုင်းကို သက်ရောက်မှု ရှိစေတဲ့ ပတ်ဝန်းကျင်မျိုး မဟုတ်သေး၊ ကောက်ချ ခြပြီး ဝိုင်းထဲကို အတွေးတွေ ပြန်ဝင် လာအောင် စုလိုက်မိတယ်။

အပြင်မှာတော့ အအေးဓါတ်က လွှမ်းခြုံနေဆဲ၊ ညက ဇာပုဝါ ခြုံထားတဲ့ ကချေသည် တစ်ဦးလို ကလူကျီစယ် နေပေမယ့် သူ့ကို စိတ်မဝင် စားနိုင်ခဲ့ဘူး။ ပြဇာတ်ကို ကျွှန်တော် ဆက်လက် ခံစား နေမိတယ်။
အကြောင်းအရာ တစ်ခုကတော့ အတော့်ကို ပြည့်ပြည့်စုံစုံနဲ့ အချိန်တော်တော်ကြာ ဆွေးနွေး ဖြစ်ပါတယ်၊ အဲဒီ အကြောင်းကတော့ ABSDF အကြောင်းပါပဲ။

ဒီ ၈၈ နှစ်ယောက်ကလည်း အေဘီနဲ့ တိုက်ရိုက် ပတ်သက်ခဲ့ဖူးသည် ရှိတော့ ယခင်က မကြားရတဲ့ စကားလုံးတွေကို ကြားရ တာပေါ့။ အထူးသဖြင့် အေဘီရဲ့ ရင်း (၁၀၁) (၁၀၂) ရဲ့ အဖြစ်အပျက်လေးတွေနဲ့ ရာဒ်ချပူရီ ဆေးရုံကို ဝင်စီး သွားတာ လေးတွေ အပါ အဝင်ပေါ့။

တစ်ချိန် တုန်းကပေါ့ အေဘီ အင်အား ၅၀၀၀၀ လောက်ရှိခဲ့တဲ့ အနေ အထားကနေ လက်ရှိ ရာဂဏန်း လောက်သာ ရောက်သည် အထိ စီမံခန့်ခွဲ ကွပ်ကဲ အုပ်ချုပ် ခဲ့သော ဖြစ်စဉ်ကြီးက ဒီပြဇာတ်ကြီးရဲ့ ဇာတ်ရှိန် မြင့်တဲ့ အပိုင်းမှာ တစ်ကဏ္ဍ အဖြစ် ပါဝင် နေသလို ကျွှန်တော် မျက်စိ မမှိတ်တမ်း လိုက်ကြည့် နေမိတယ်။

ကျွှန်တော် မူးနေတယ်၊ လက်ညှိးနဲ့ လက်ခလယ်မှာ ဆေးလိပ်ကြီး ညှပ်ထားရင်း ခေါင်းအနည်းငယ် ငိုက်ကျ နေသလားလို့ ထင်ရလို့ ခပ်မော့မော့ ဖြစ်အောင် ပြန်ထောင် လိုက်မိတယ်၊

ပြဇာတ်ကို စိတ်ဝင်စားပြီး ကြည့်ခြင်း ဆိုတာထက် ကကွက် တွေကို ဆန်းစစ်လေ့လာ နိုင်အောင် ကျွှန်တော် ကြိုးစား ပါသေးတယ်။ ကျွှန်တော် မလုပ်နိုင် ခဲ့ပါဘူး။

အပြင်ဘက်ကို ပြန်ငေးကြည့် လိုက်တော့ ဇူလိုင်မိုးက အညိုး သိပ်မကြီးသလို၊ လက ဝါဆို ဆိုတော့ မဆိုင်မဆိုင်လို့ ပြောရမလား ဆီဆီဆိုင်ဆိုင်လို့ ပြောလို့ရမလား “ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ” ဆိုတဲ့ ဗညားဟန် အသံကို နားထဲမှာ ကြားမိ သလိုလို။

ညချမ်း လေးကို နှုတ်ဆက်ပြီး ကျွှန်တော်တို့ သုံးယောက်သား ရိမ်း(န်)စနာမ်း ဆိုတဲ့ ဆိုင်ကနေ ပြန်လာခဲ့တော့ ဒီအကြောင်း စာလေး ရေးဦးမယ်လို့ စဉ်းစား ထားတာ အခု ဖတ်ရတဲ့ စာစ လေးတွေပါ။


စာကြွှင်း - ပျော်ရွှင် နိုင်ကြစေ၊ ဝေဖန်နိုင်ကြစေ၊ လေကန်နိုင်ကြစေ။

တစ်ဦး တစ်ယောက်အား ရည်ရွယ် ရေးသား ထားခြင်း မဟုတ်ဘဲ၊ စကားဝိုင်းထဲ ဆွေးနွေး ဖြစ်ခဲ့သည့် အကြောင်းအရာ အချို့တို့ကို ဆီလျော်အောင် ရေးသား ထားခြင်း ဖြစ်ပါသည်။

Aow Kou Rot
23/7/2013

0 တင်ကႝုကသပ်:

 

Flickr Photostream

Meet The Author