စီးကရက် ရှာပုံတော် ဖွင့်ရင်း အရက်ပုန်းဆိုင် တွေ့ပါကော


ကိုယ့်သောက်ကျင့် မကောင်းမှန်း ကိုယ်သိတယ်၊ ကော်ဖီသောက်ရင်း စီးကရက်က သောက်ချင် လာရော။

ပိတ်ရက် မို့လို့ အားပါး တရ အိပ်လိုက်တယ်၊ ကိုးနာရီကျော်မှ နိုးတော့တယ်။ နိုးနိုးချင်း မျက်နှာသစ် သွားတိုက်ပြီး လုပ်နေကျ အတိုင်း ကော်ဖီ သောက်ဖို့ ရေနွေးကျို ကော်ဖီ ဖျော်။

အနံ့ သင်းသင်း ကော်ဖီကို တစ်ကျိုက်လောက် သောက်ပြီး ဆေးလိပ်ဘူးကို ရှာမိတယ်။ ပြသနာက အဲမှာ စတာ ။ မနေ့က လက်ကျန် စီးကရက် နှစ်လိပ်က မနေ့ကတည်းက ကုန်ပြီ။

ဘူးခွံ သက်သက်သာ ကျန်တဲ့ စီးကရက် ဘူးကို လုံးခြေပြီး အမှိုက်ပုံးထဲထည့်။ ကော်ဖီကို နောက်တစ်ကျိုက် ဆက်မော့။

မိုးကလည်း တဖွဲဖွဲ စွေနေတယ်။ မနက်ခင်း အိပ်ရာထ ခါစလည်း ဖြစ်တော့ မိုးစွေစွေ နှင်းပုလဲမိုး အေးအေး အောက်မှာ ဆေးလိပ် ထွက်ဝယ်ဖို့ အပျင်းထူ မိတာတော့ အမှန်။ ဒီမနက်တော့ ကော်ဖီကို စီးကရက် မပါပဲ သောက်ကြည့်မယ်လေလို့ စိတ်ထဲမှာ တွေးရင်း။

စီးကရက် သောက်ချင်စိတ် ပြေအောင်၊ အခြား အာရုံ ပြောင်းလိုက်သည်။ တီဗွီလေးဖွင့် သတင်းလေး ဘာလေးကြည့်။ အွန်လိုင်း သတင်းလေး ဖတ်ရင်း။ ကော်ဖီကို တစိမ့်စိမ့် သောက်ရင်း။

ကတောက် !!!!!!!!!!!!

မရတော့။ ဆေးလိပ် သောက်ချင်စိတ်က ထ႘န်းမရတော့။ ဆိုင်ကယ်သော့ ကောက်ကိုင်ရင်း ဆိုင်ကယ်ထုတ် စီးကရက် ရောင်းမယ်လို့ ယူဆရတဲ့ ဆိုင်ကို အင်ဂျင်ကုန် ဖွင့် ချီတက် တော့လေ တာပဲ။

ဆိုင်မရောက်ခင် လမ်းမှာ လမ်းလျှောက် နေတဲ့ လူတစ်ယောက်ကို သတိတော့ ထားမိသား။ သူ့ဘာသာ သူလမ်းလျှောက်သာ နေမယ်လို့ စိတ်ထဲမှာ စဉ်းစားရင်း။

ကံဆိုးပုံက ၊ ဆိုင်က မဖွင့်သေး။ သော့ကြီး တန်းလန်းနဲ့ ပိတ်ထားလို့ ကောင်းတုန်း။ အော်ခေါ် ရမလား ? ဘယ်လိုလုပ်ရရင် ကောင်းမလဲ။ ဆေးလိပ် ကလည်း အရမ်းသောက်ချင် နေတယ်။ အနားမှာတော့ အသုပ်တွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင် ရှိတယ်။ သူ့ဆိုင်မှာများ ဆေးလိပ် ရှိမလားလို့ မေးကြည့်တယ်။

မရှိဘူးတဲ့။

ဘယ်ဆိုင်မှာများ ရှိဦးမလဲလို့ စဉ်းစားရင်း၊ အခြား ဆိုင်မှာ ဝယ်ဖို့ စဉ်းစား ရတော့တယ်။ အဲဒီ အခိုက်မှာပဲ လမ်းမှာ ကျနော်တွေ့တဲ့ လမ်းလျှောက် လာတဲ့ တစ်ယောက် ဆိုင်ထဲ ရောက်လာ တော့တယ်။ ဆိုင်ရှင်နဲ့ ရင်းနှီးပုံ ရတယ်။ နာမည် အော်ခေါ် တော့တာပဲ။

ခဏ ကြာတော့ "ဂရန်း ဂရန်း" ဆိုတဲ့ အသံနဲ့ သံဘာဂျာ တံခါး ဖွင့်သံနဲ့ အတူ ဆိုင်ရှင် ထွက်လာ တော့တယ်။

ကျနော်လည်း ဆေးလိပ် ဝယ်ဖို့ အဆင်ပြေပြီလို့ တွေးရင်း ဆိုင်ထဲ လှမ်းဝင် သွားတော့တယ်။ သူဘာပြော လိုက်လဲ ကျနော် မသိ။ ကျနော် မြင်လိုက် တာက အရက်ဖြူပုလင်းကြီးထဲက အရက် တွေကို ၊ M150 ပုလင်းထဲ ကတော့ ခံပြီး လောင်းထည့် နေတာတော့ တွေ့တာပေါ့။

ထိုင်းမှာတော့ M150 ပုလင်း တစ်ပုလင်းစာ အရက်ဖြူကို "တစ်ကာက်ဒ်"လို့ ခေါ်ကြတယ်။

မိုးတောင် ကောင်းကောင်း မလင်းသေးဘူး ဒီလူကြီး ကစ်လှ ချည်လားလို့ စိတ်ထဲမှာ အမှတ် ထားရင်း၊ ကျနော်လည်း စီးကရက် တစ်ဘူးလောက်ပါလို့ လှမ်းမှာ မိတယ်။

နိဂုံး ချုပ်ရမယ် ဆိုရင်တော့ ကျနော်ဟာ စီးကရက် ရှာရင်း အရက်ပုန်းဆိုင် တွေ့သွားတဲ့ သူတစ်ယောက် ပါလို့။

ဂျူလိုင် ၂၀ ၊ ၂၀၁၄
ဟင်္သာနီ (မွန်မြေ)

0 တင်ကႝုကသပ်:

 

Flickr Photostream

Meet The Author